.

လွမ်းမိတဲ့ သင်္ကြန် ။

မြန်မာ သက္ကရာဇ် ၁၃၇၁ ခုနှစ် ကုန်ဆုံးတော့မယ်။ မြန်မာ သင်္ကြန်ပွဲတော် အတွက် ထူးထူးကဲကဲ အလုပ်ပိတ်ရက် (Holiday) တွေက မြန်မာ ပြည်မှာတော့ များလိုက်တာ။ အဲဒီ (Holiday) တွေကို စင်္ကပူမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ ကိုလည်း အကုန် မဟုတ်တောင် နည်းနည်း လေး မျှပေးပါလို့ တောင်းတိုင်း ရလို့ကတော့ သိပ်ကောင်း မှာပဲနော် ။ အကြိုနေ့ မတိုင်မှီ ကတည်းက နှစ်သစ်ကူးရုံး ပိတ်ရက် တွေ စုစုပေါင်း (၁၂) ရက်တောင် အများကြီး ရကြတယ်လေ။

ဒီအချိန်ဆို မြန်မာပြည်မှာ မိမိဒေသနဲ့ ဝေးရာ အလုပ်တာဝန် ထမ်းဆောင်နေတဲ့ သူတွေ အတွက်လည်း ကိုယ့်မွေးရပ်မြေကို ပြန် ကြတယ်။ တစ်ချို.ကလည်း ဘုရားဖူးတွေ သွားကြ ။တစ်ချို့ကလည်း (၁၀)ရက်စခန်းဝင်ကြဘို.လုပ်နေတဲ့အချိန်ပေါ့။ သင်္ကြန်ရေ ကစားမဲ့ အဖွဲ့တွေ ကလည်း သင်္ကြန်မဏ္ဍပ် ဆောက်ပြီး ကြော်ငြာ ပိုစတာတွေ ကပ်ကြပြီ။ ၀ါသနာရှင် လူငယ်တွေက အသင်းဖွဲ့ စုကြပြီး သင်္ကြန် သီချင်းတွေ စပ်ကြ၊ သံချပ်တွေ စပ်ကြ၊ တီးလုံး တိုက်ဖို့ပြင်ဆင်ကြ တဲ့အချိန်ပေါ့ ။ကျွန်မကတော့ မန္တလေးမှာရှိတုံးက ဆိုရင် ရုံးက အပြန်ဆို ဆိုင်ကယ်နဲ့ မန္တလေး ကျုံးကြီးကို တစ်ပတ်ပတ်ပြီး သင်္ကြန်မဏ္ဍပ် တွေဘယ်လောက်များများ ရှိလဲဆိုပြီး ဆိုင်ကယ် ပေါ်ကနေ ရီသွားတယ်လေ။ ကျွန်မ နှစ်သက်ခဲ့တဲ့ ဟိုးတုံးက သင်္ကြန်လေး ကိုလည်း လွမ်းမိလေရဲ့။

သင်္ကြန်မဏ္ဍပ်တွေက ဟိုးအရင် ကျွန်မ ကလေးဘ၀က ရိုးရာ သင်္ကြန်မဏ္ဍပ် ဆိုရင် ငွေဖလားနဲ့ ပိတောက်နဲ့ အုန်းလက်လေး ကြားမှာ အဖွဲ့ နာမည် လောက်ပဲရှိတာ ။နောက် ကျွန်မ အသက် (၁၂) နှစ် လောက်မှာတော့ သင်္ကြန်မဏ္ဍပ် တွေရဲ့ နာမည်တွေက ပိတောက် ရွှေဝါ၊ နွဲ့မာလာ၊ ရေနန်းသူဇာ ၊ ဟော်နန်းသူဇာ၊ ရွေမန်းသူဇာ၊ ရွှေမန်းမေ ၊ မန်းပျိုဖြူ။ မေသင်္ကြန်၊ ငုရွှေဝါ၊ နှစ်ဦးမေ စသဖြင့် စိတ်ကူး ပေါက်ရာ သင်္ကြန်နဲ့ နှစ်သစ်နဲ့ ပိတောက် နဲ့ တွဲဖက် ပြီး နာမည်ပေး ရေပက်ကြ ကကြတယ်လေ။

ခုခေတ်တော့ သင်္ကြန်မဏ္ဍပ် တွေ နာမည်က ကုမ္ပဏီ နာမည်တွေရော ၊ ကြောငြာ နာမည်တွေရော ၊တစ်ချို့ မဏ္ဍပ်တွေဆို အသင်းရဲ့ နာမည်က ပျောက်နေပြီး ကုန်ပစ္စည်း ကြောငြာတွေ ဖြစ်တဲ့ ဆေးလိပ်ကြော်ငြာ အရက်ကြောငြာ တွေ၊ တစ်ချို့ကလည်း အင်္ဂလိပ် နာမည် တွေ သုံးနူန်း ပြီး နေရာယူထား ကြတယ်လေ။ သင်္ကြန်ရဲ့ ICON တွေနဲ့ သင်္ကြန်ရနံ့ တွေတောင် တဖြည်းဖြည်း နည်းနည်းလာပါလား လို့ ခံစားမိပါတယ်။

သင်္ကြန်ဆိုရင် အလင်္ကာ ကျော်စွာ မြို့မငြိမ်းရဲ့ ဂန္တ၀င် တေးသီချင်းများ ဖြစ်တဲ့ “သင်္ကြန်လေညှင်း လုလင် မြူးရွှင်တော့ပေ “ ဆိုသော သင်္ကြန် လုလင် သင်္ကြန် သီချင်း၊ “ ခါတော်ရေသဘင် ဆင်မြန်းတင့်ဆန်းယင် တေးသံပြိုင်လွင်၊ ပျော်ပျော်ရွှင်ရွှင် ငွေငန်းမောင်နဲ့ ပင် တီးသံသာယဉ် “ ဆိုတဲ့ ဖိုးညိုမြ၊ “သင်္ကြန် နှစ်ဦး တူးပို့ တူးပို့ တူးသံမြူးသာယာ သင်္ကြန်မယ်များ တူးပို့ တူ့ပို့ တူမာရဲ့ နော်ဗျာ” ဆိုတဲ့ တူးပို့ တူးပို့ သင်္ကြန် သီချင်း တို့သည် ရိုးရာယဉ်ကျေးမှု၊ မြန်မာ့လူနေမှုစရိုက်၊ ချစ် ခင်ကြည်နူးဖွယ် အနုပညာ ရသတွေနဲ့သင်္ကြန်ကို ထုံ မွှမ်းခဲ့ကြတယ်လေ။

သင်္ကြန်ဖွင့်ပွဲ ၊ ပိတ်ပွဲတွင် ယနေ့တိုင် အထူး ထင်ရှားကျော်ကြားခဲ့သော မန်းတောင်ရိပ်ခို သီချင်းဖြစ်တဲ့ “ချိုပြုံးရွင်သော နှမပျိုငယ်၊ တစ်ကိုယ်လုံး ပင်ချော အလှပိုတယ် “ ဆိုတဲ့အပိုဒ်ကို အေဝမ်းဆရာညှာ ခေါ် မန္တလာညှာ၊ “မြနန္ဒာ ၊ရေညိုညို ရစ်ခါသန်းတော့ ၊ရွှေမန်း တောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ် “ဆိုတဲ့ သံကြော့ အပိုဒ်ကို ကို ဆရာကြီး မြို့မငြိမ်း၊” ခါးသေးနွဲ့မူယာကြွယ် လှဂုဏ်ဝင့်ထယ်” ဆိုတဲ့ အပိုဒ် ကို ဆရာကြီး ဦးဘသိန်း(မန္တလေး) တို့ သုံးဦး ကစပ်ဆိုခဲ့ကြ ပြီး ထိုသီချင်းသည် မြန့်မာရိုးရာ သင်္ကြန်၏ ယဉ်ကျေးမူး သရုပ်ကို ရုပ်လုံးကြွ ပေါ်လွင်ထင် ရှားစေသော တေးသီချင်းတပုဒ်ပင် ဖြစ်ခဲ့ပါတယ်။

ခုခေတ်သင်္ကြန်သီချင်းတွေ ကတော့ Rap တွေ DJ တွေ ဖြစ်လာတယ်လေ။ ကျွန်မက တေးဂီတကို နားလည်သူ တစ်ယောက် တော့ မဟုတ် ပေမဲ့ အရင်က တူးပို့ တူးပို့ ဆိုတဲ့ သင်္ကြန်ဒိုးချက်လည်း တဖြည်းဖြည်း နည်းသွားပြီး Version တွေပြောင်းကုန် တယ်လေ ။ ဒီလိုနဲ့ သင်္ကြန် ဟာ တန်ခူးလေမှာ မျောပါတဲ့ တေးသွားလေးတွေ ကနေ ခုခေတ်မှာ ပေါ်တဲ့ မပြတ်တီးနေတဲ့ DJ နဲ့ ရက်ပ်တွေ၊ စည်းချက် ၀ါးချက် တွေနဲ့ သီဆိုတဲ့ ခုန်ပေါက် လှုပ်ရှား ထကြွပြီးတော့ မြူးထူးတဲ့ တေးသွား တွေနဲ့ခေတ်သင်္ကြန်ပေါ့ ။

သင်္ကြန်အက ဆိုတာလည်း ဟိုးအရင်က ၊ သင်္ကြန်ယိမ်း အက အုပ်စုလိုက် ကကြတယ်လေ။ မန္တလေး မှာဟိုးအရင် က မြို့မ အပျော်တမ်း တူရိ ယာအဖွဲ့တင် မဟုတ်သေးဘူးလေ၊ မာဃ တူရိယာ အဖွဲ့ ဆိုပြီး အပြိုင်ပေါ့ ၊နောက် သင်္ဂဟ ၊ဗေလုဝ စတဲ့ အဖွဲ့လည်း ရှိသေးတယ်။ တီးမှုတ် တဲ့ တူရိယာ ၀ိုင်းကြီးတွေ ကားပေါ် တင်ပြီး မြို့ပတ်ပြီး အလှပြကြတယ် ၊ ရေပက်ခံထွက်ကြတယ်။ မြို့မအဖွဲ့က အကြိုနေ့မှာ ဘုရားကြီး ကို ရေသ ပ္ပယ်ဖို့ ငွေငန်း ရုပ်ကြီး တင်ပြီး ပုဆိုးဆင်တူတွေနဲ့ တီးမုတ်ပြီး မဟာမြတ်မုနိ ဘုရားကို ရေကန်တော့သွားကြတယ်။ အဲဒီ အချိန်မှာ မာဃ တူရိ ယာ အဖွဲ့ ကလည်း ယဉ်စစ မာဃ တူရိယာ ဆိုတဲ့သီချင်းနဲ့ အလှပြ တီးမုတ် သွားကြပြန်တယ်။

အသင်းတစ်သင်းနဲ့ တစ်သင်း တွေ့ပြီ ဆိုရင် ပြိုင်ကြတာပေါ့၊ ကားကြီး ၂ စီး ခေါင်းချင်း ဆိုင်ပြီး ရန်လည်း မဖြစ်ဘူး၊ အတီးအမှုတ် တွေနဲ့ ပြိုင်ကြတာ၊ ဂီတ နဲ့ ပစ်ကြ ခတ်ကြတာ၊ ပြီးတော့ နှုတ်ဆက်ပြီး လက်တွေပြပြီး ထွက်သွားကြတယ်၊ ဘယ်လောက်ပျော်စရာ ကောင်းလဲ ၊ ဘယ်လောက်ကြည်နူးစရာ ကောင်းလဲ၊ မြို့မအလှပြကား ဟာ ရေကစား တဲ့ လှပျိုဖြူတွေ ရဲ့ သင်္ကြန်မဏ္ဍပ် ရှေ့ မှာ တီးပြတဲ့အခါ ရေပက်သူ လှပျိုဖြူများက မြို့မကား ကို လှည့်ပတ်ပြီး ကကြတယ်။

ခုခေတ် သင်္ကြန် မှာ ကကြတဲ့ အက ကတော့ Model Dancer အကတွေထဲ ဟိုဒန့် ဒီဒန့်တွေ ထိုးဖောက်လာပြန်တယ်လေ ။

ကျွန်မ လွမ်းမိတဲ့ သင်္ကြန်လေးဟာ ဒီခေတ်နဲ့ အများကြီး ကွာဟ နေမှာတော့ အမှန်ပဲ လို့တွေးမိကြမှာပါ ။အဲဒါက အသက်အရွယ် အရပဲ ပြောရတော့ မလိုဖြစ်နေတယ်။ ကျွန်မက တော့ သင်္ကြန်ကို ကလေးဘ၀ ကပဲပျော်ခဲ့ ရတာကိုး ။ အသက်အရွယ် ရလာတော့ လူကို မီးသတ် ပိုက်နဲ့ ပက်ပြီး ရေလုံးနဲ့ နှိပ်စက်တဲ့ သင်္ကြန်မျိုး ဖြစ်လာတော့ သင်္ကြန် မလည်ရတော့ပဲ မဏ္ဍပ်တွေမှာ နှစ်တိုင်းမဟုတ်တောင် တခါတရံ နှစ်ကူးမှာတော့ ရေကစား ဖြစ်ခဲ့ပါတယ်။ ဟိုဘက်ကာလ ရှိတဲ့ အသက်နဲ့ ဒီဘက်ရှိတဲ့ အသက်က အတော်ကွာတယ်၊ ခေတ်တွေ ခေတ်တွေ ဖြတ်သန်းခဲ့တဲ့ နှစ်တွေမှာလည်း သင်္ကြန်မှာ အမျိုးစုံပေါ့နော်၊ သံချပ်တွေနဲ့ ဝေဆာ နေတဲ့ သင်္ကြန်၊ အလှ အကတွေ ဝေဆာနေတဲ့ သင်္ကြန်၊ အဲဒီ သင်္ကြန်တွေကနေ ပြောင်းလာတာ၊ ခုတော့လည်း ခေတ်တွေ ကာလတွေရဲ့ အခြေအနေတွေ အရ ပြောင်းလဲကုန်ပြီလေ။ ရှေးဘုရင်အဆက်ဆက်မှ ယဉ်ကျေးသိမ်မွေ့ စွာ ကျင်းပလာ ခဲ့သော သင်္ကြန်ပွဲတော်ဟာလည်း ခေတ်အား လျော်စွာ တစ်နှစ်ထက်တစ်နှစ် အသွင်ပြောင်းလဲ လာခဲ့ပြီလေ။

တကယ်တော့ သင်္ကြန်ဆိုတာက မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုနှင့် အတူ ပေါ်လာသော နှစ်သစ်ကူး ပွဲတော်ဖြစ်တယ် လို့ခေါ်ဆို ကြ တယ် ။ဒါကြောင့် လူ့လောကကို အကျိုးပြု ထိန်းသိမ်း စောင့်ရှောက်သော ယဉ်ကျေးမှုကို နှစ်ပရိစ္ဆေဒ မည်မျှ ကြာညောင်း၍ မည်မျှပင် ရှေးကျ စေကာမူ လျစ်လျှူရှုမထားဘဲ အရှည်တည်တံ့စေရန် အစဉ်ကြိုးစား အားထုတ်ကြစေလိုပါတယ်လို့ တိုက်တွန်းချင်ပါတယ်ရှင်။

ဘာပဲဖြစ်ဖြစ် သင်္ကြန်မှာ အားလုံး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်း ပြီး အဆင့်အတန်းမြင့်မြင့် နှင့် မြန်မာ့ရိုးရာသင်္ကြန် ကို လှပတဲ့ မြန်မာ ဓလေ့ များနဲ့ ပျော်ပျော်ပါးပါး ချစ်ချစ်ကြည်ကြည် ကကြ၊ ဆိုကြ၊ တီးကြ၊ မှုတ်ကြမယ်၊ ရေပက်ကြပြီး ပျော်ရွင်ချမ်းမြေ့ ကြပါစေ။

ရေးသားသူ-မေစိုး

http://www.myshwemandalay.com/

Views: 344

Comment

You need to be a member of . to add comments!

Join .

Comment by Phyoe Phyoe Thandar Aung on April 10, 2010 at 10:16am
အမ ပြောတာမှန်ပါတယ်.....အခုခေတ်သင်္ကြန်ဟာဆိုရင် အရင်တုန်းက သင်္ကြန်ပွဲနဲ့ တခြားစီလို ဖြစ်နေပါပြီ။ တကယ်တော့ သင်္ကြန်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အဓိက ရိုးရာပွဲတော်ကြီးတခုပါ။ သင်္ကြန်မှာ တဦးကို တဦးရေပက်ဖျန်းတယ်ဆိုတာကလဲ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောတဲ့သဘောပါ။ ဒါပေမယ့် အခုတော့ အဲလို အစဉ်အလာလေးတွေက တိမ်မြုပ်ပျောက်ကွယ်လုမတက်ဖြစ်နေပါပြီ။ ကျွန်တော်လဲ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မြန်မာဓလေ့နဲ့ မြန်မာဆန်ဆန်လေးပဲ မြင်ချင်ပါတယ်....
နှစ်သစ်မှာအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

© 2012   Created by Thant Zaw (Myoma) , Mandalay..

Badges  |  Report an Issue  |  Terms of Service